Searching...
Monday, September 23, 2013

အဝတ်ခုံလား သားရေခုံလား - ဘယ်ဟာကို ရွေးမလဲ

  • အဝတ်ခုံလား သားရေခုံလား - ဘယ်ဟာကို ရွေးမလဲ

    သင့်အနေနဲ့ ကားဝယ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ခုကတော့ သင်ဝယ်မဲ့ ကားရဲ့ထိုင်ခုံဟာ အဝတ်နဲ့လား သားရေနဲ့လား ဆိုတဲ့ အချက်ပါပဲ။

    အချို့သော ဈေးအနိမ့်စား ကားတွေမှာတော့ အဝတ်ကလွဲပြီး ရွေးစရာမရှိပေမယ့် ဈေးအမြင့်ပိုင်း ကားများနဲ့ ဇိမ်ခံကားများ ဝယ်ယူမယ်ဆိုရင်တော့ အဝတ်စလား၊ သားရေစလားဆိုတာ ခေါင်းစားစရာ ကိစ္စပဲ ဖြစ်ပါတယ်။ Mercedes Benz CLS လို အဆင့်မြင့် ဇိမ်ခံကားမျိုးမှ ဝယ်မယ် ဆိုရင်တော့ သားရေခုံပဲ ရမယ်ဆိုတာ သေချာပါတယ်။

    အခြားတစ်ဖက်မှာလည်း ဈေးနှုန်း၊ မိမိနိုင်ငံ၏ ရာသီဥတု အခြေအနေ၊ အနံ့အသက်၊ ထိန်းသိမ်းရ လွယ်ကူမှု စတဲ့အချက်တွေအပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး ရွေးချယ်မှု ကွာသွားနိုင်ပါတယ်။

    မြန်မာ့ စားသုံးသူလမ်းညွှန် အနေနဲ့ အောက်ပါ အချက်များအပေါ် မူတည်ပြီး ဆုံးဖြတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

    ၁) ဈေးနှုန်း - လူအများစုကတော့ သားရေဆိုရင် ဈေးကြီးပေးရတယ်လို့ ထင်နေကြပါတယ်။

    ၂) အဆင့်အတန်း - သားရေဆိုရင် ဘယ်အချိန်ပဲကြည့်ကြည့် အဝတ်စထက်စာရင် အဆင့်အတန်း မြင့်တာအမှန်ပါပဲ။

    ၃) ရာသီဥတု အခြေအနေ - မိမိ နေထိုင်ရာ ဒေသဟာ ပူသလား၊ အေးသလားအပေါ်လည်း အများကြီး မူတည်ပါမယ်။

    ၄) အညစ်ပေခံနိုင်မှု - အဝတ်စနဲ့ သားရေမှာ သန့်ရှင်းရေးလုပ်ရတာ သားရေက ပိုပြီးလွယ်ကူပါတယ်။

    ၅) အနံ့အသက် - အချို့ကတော့ သားရေအနံ့ကို မခံနိုင်ကြပါဘူး။ ရေရှည်မှာတော့ သားရေရဲ့ အနံ့က ပေကြံညစ်ပတ်နေတဲ့ အဝတ်စ ထက်စာရင် အများကြီး တော်ပါတယ်။

    ၆) ထိန်းသိမ်းရ လွယ်ကူမှု - သားရေခုံကို ထိန်းသိမ်းရတာ စရိတ်စကတော့ ပိုကျသင့်ပါလိမ့်မယ်။

    ၇) ဇိမ်ရှိမှု - အပူ၊ အအေးကို ခဏဘေးချိတ်ထားရင် သားရေခုံနဲ့ ထိုင်ရတာက သင့်အိမ်ရဲ့ ဧည့်ခန်းက သားရေခုံမှာ ဇိမ်နဲ့ ထိုင်နေရတာနဲ့ ပိုပြီး နီးစပ်မှု ရှိပါလိမ့်မယ်။

    ၈) ရေရှည်တန်ဖိုး - မိမိကားကို အနာဂတ်မှာ ပြန်ရောင်းချင်တယ်ဆိုရင် ဇိမ်ခံပစ္စည်းတွေနဲ့ သားရေခုံပါတဲ့ကားက သာမန်ကားထက် ဈေးပိုရနိုင်ပါတယ်။

    ၉) ရောဂါပိုးမွှား တွယ်ကပ်မှု - နှာစည်း၊ ချောင်ဆိုး ဖြစ်စေတဲ့ allergy ပိုးတွေက အဝတ်စမှာ ပိုပြီး တွယ်ကပ်လေ့ရှိတာကြောင့် သင့်အနေနဲ့ ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်သာ allergy ရှိတယ်ဆိုရင် သားရေခုံကိုသာ ရွေးချယ်သင့်ပါတယ်။

    ၁၀) တိရိစ္ဆာန်အခွင့်အရေး - သားရေခုံကို တိရိစ္ဆာန်သားရေနဲ့ လုပ်ထားတယ်ဆိုတာ ကလေးကအစ သိပါတယ်။ ဒါပေမယ့် သားရေစီးပွားရေး လုပ်ငန်းများကတော့ မော်တော်ယာဉ်များက သားရေခုံများဟာ သားသတ်ရုံမှာ သတ်ပြီးသား နွားတွေဆီကရတဲ့ ဘေးထွက်သားရေနဲ့ လုပ်ထားတာပါတဲ့။ ကိုယ်ခံယူချက်နဲ့ကိုယ် ဆုံးဖြတ်ရမယ့် အရာပါ။

    အထက်မှာ ဖော်ပြထားတဲ့ အချက်တွေက သင့်အတွက် စဉ်းစားစရာ အချက်တွေပါပဲ။ ဒါပေမယ့် ဘယ်ဟာကို ရွေးချယ်မလဲ ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရယ်၊ ကိုယ့်အကြိုက်ရယ်၊ တတ်နိုင်တဲ့ ငွေးကြေးပမာဏရယ်ပေါ် မူတည်နေပါလိမ့်မယ်။

0 comments:

Post a Comment

 
Back to top!