Searching...
Monday, September 23, 2013

ယခုနှစ်ပိုင်းအတွင်း ပြိုင်ဖက်ကုမ္ပဏီများ၏ ဈေးကွက်တွင်းသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်လာမှုများ

Review: 2010-2012 Toyota Kluger (Highlander)


ယခုနှစ်ပိုင်းအတွင်း ပြိုင်ဖက်ကုမ္ပဏီများ၏ ဈေးကွက်တွင်းသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်လာမှုများ ရှိနေသော်လည်း အာရှ-ပစိဖိတ်ဒေသ တစ်ခွင်တွင် တိုယိုတာကား ရောင်းချရမှုမှာ ကား ၄ စီးလျှင် ၁ စီးနှုန်း ရှိနေသည်ဟု စစ်တမ်းများအရ သိရှိရသည်။

အထူးသဖြင့် တိုယိုတာ၏ SUV များ ရောင်းချရနှုန်းမှာ ပြိုင်ဖက်များ မည်သို့မျှ မယှဉ်နိုင်သည့် အခြေအနေပင် ဖြစ်နေသည်ကို တွေ့ရှိနေရသည်။ တိုယိုတာ၏ နာမည်ကျော် SUV များဖြစ်သည့် Land Cruiser ၊ Prado နှင့် RAV4 တို့နည်းတူ ယခုနှစ်ပိုင်းအတွင်း နာမည်ရပြီး ရောင်းအားတက်လာသည့် SUV မှာ Kluger ပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် SUV များတွင်လည်း Kluger အရေအတွက် အတော်ပင်များပြား လာနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သမိုင်းကြောင်း

အာရှ-ပစိဖိတ် ဈေးကွက်အတွက်၂၀၀၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် Kluger မှာ အနောက်နိုင်ငံများတွင် ၂၀၀၀ ခုနှစ်တွင် ရောင်းချပြီး နာမည်အတန်အသင့် ရရှိနေပြီးဖြစ်သည့် Toyota Highlander ၏ ပုံစံတူ အမည်ကွဲ SUV တစ်စီးပင်ဖြစ်သည်။

Highlander ကို ထုတ်လုပ်ခဲ့သည့် တိုယိုတာ၏ ရည်ရွယ်ချက်အတိုင်းပင် အာရှ-ပစိဖိတ် ဈေးကွက်အတွက် Kluger အား ထုတ်လုပ်ခဲ့ပြီး ဒေသတွင်း ရောင်းချသည့် တိုယိုတာ SUV များထဲတွင် အိမ်စီးဆီဒင်ကားအပေါ် အခြေခံပြီး ထုတ်လုပ်ထားသည့် ပထမဆုံးသော SUV ပင်ဖြစ်သည်။ ယင်းအတွက်ကြောင့် Highlander (သို့) Kluger များသည် လူ ၇ ဦးဆံ့ခြင်း၊ အိမ်စီးကားတစ်စီးကဲ့သို့ ငြိမ့်ညောင်းမှုရှိခြင်း၊ SUV တစ်စီးကဲ့သို့ ကြံ့ခိုင်မှုရှိခြင်း စသည့် ကား အမျိုးအစား ၂ ခု၏ ကောင်းမွန်းသောအချက်များကို တစ်နေရာတည်းတွင် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် ၂၀၀၇ ခုနှစ်တွင် Kluger ၏ စက်ပိုင်းဆိုင်ရာအား ပြုပြင်မှု အနည်းငယ် လုပ်ခဲ့ပြီး လေးဘီးယက်စနစ်အား မလိုအပ်သူများအတွက် ရှေ့ယက်စနစ်အား အသစ်ထုတ်လုပ်ခဲ့သည်။
ထိုနည်းတူ ၂၀၁၀ ခုနှစ်တွင် Kluger ၏ အပြင်ပိုင်းဒီဇိုင်းအား ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး အတွင်းပိုင်းတွင်လည်း အဆင့်မြင့် ပစ္စည်းအသစ်များ ထည့်သွင်းပေးခဲ့သလို ဈေးနှုန်းအားလည်း အနည်းငယ် လျှော့ချပေးခဲ့သည်။

ပါဝင်သည့် ပစ္စည်းနှင့် features များ

၂၀၁၀ ခုနှစ် နောက်ပိုင်း မော်ဒယ်များတွင် full-loaded ဖြစ်ပါက ဒေါ်လာ ၆၀၀၀၀ ကျော် ကျသင့်မည် ဖြစ်သော်လည်း ပေးရသည့် ငွေကြေးနှင့် ထိုက်တန်သည့် ပစ္စည်းများနှင့် features များ ပါဝင်လာမည်ဖြစ်သည်။

သားရေထိုင်ခုံများ၊ ခုံ တစ်ခုခြင်းအလိုက် ထိန်းချုပ်နိုင်သည့် ခလုတ်များ၊ sunroof ၊ Bluetooth စနစ် နှင့် ဂြိုလ်တုလမ်းပြစနစ်တို့အား ထည့်သွင်းပေးထားပြီး ဇုံ ၃ ဇုံ လေအေးပေးစနစ်၊ ခလုတ်နှိပ်ရုံဖြင့် အလိုအလျောက် ခေါက်ချိုးနိုင်သည့် တတိယတန်းခုံးများ၊ အသံဆူညံသော်လည်း ခလုတ်နှိပ်ရုံဖြင့် အလိုအလျောက် ပိတ်နိုင်သည့် နောက်ဖုံး စသည်တို့ ပါဝင်လာမည်ဖြစ်သည်။

ထိုနည်းတူ နောက်ခန်းအတွက် မြင်ကွင်းကျယ် ဒီဗီဒီ ဖျော်ဖြေရေးစနစ်၊ ကြိုးမဲ့ နားကြပ်များ၊ ရှေ့ခန်းနှင့် နောက်ခန်း သီးသန့်ဖျော်ဖြေရေး စနစ် စသည့်တို့လည်း ထည့်သွင်းပေးထားသည်။ ကားတွင်း ဖျော်ဖြေရေးစနစ်မှာ သာမန်ထက် ကောင်းမွန်သော်လည်း iPod အား ချိတ်ဆက်အသုံးပြုရာတွင် ကားဖျော်ဖြေရေးစနစ်၏ ခလုတ်များဖြင့် ထိန်းချုပ်ဆောင်ရွက် နိုင်မည် မဟုတ်ပေ။

လုံခြုံရေး

မော်တော်ယာဉ် လုံခြုံရေးပိုင်းတွင်လည်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး လေအိပ် ၇ ခု (ရှေ့၊ ဘေး၊ အပေါ်ပိုင်နှင့် ယာဉ်မောင်း၏ ဒူး) ၊ ယာဉ်တည်ငြိမ်မှု ထိန်းချုပ်စနစ် ၊ နောက်ကြည့် ကင်မရာ စသည်တို့ ပါဝင်မည်ဖြစ်သည်။

စက်ပိုင်းဆိုင်ရာ

တိုယိုတာ၏ ၃.၅ လီတာ ၆ လုံးထိုး အင်ဂျင်သည် ကမ္ဘာ့ကားဈေးကွက်တွင် အကောင်းဆုံး အင်ဂျင်တစ်လုံးဖြစ်ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်း မော်ဒယ်များအတွက် တိုယိုတာ အင်ဂျင်နီယာများက ပိုမိုကောင်းမွန်ရန် ပြုပြင်မှုများ ပြုလုပ်ခဲ့ကြသည်။
အင်ဂျင်အထိုင်ပုံစံအား ပြုပြင်ခဲ့ပြီး အသံဆူညံမှု၊ တုန်ခါမှုနှင့် ထိခိုက်မှု လျော့နည်းအောင် ပြုလုပ်ခဲ့ကြသည်။

Kluger မှာ အလေးချိန် ၂ တန် နီးပါး ရှိသော်လည်း အင်ဂျင်အနေဖြင့် အသာအယာပင် ရုန်းကန်နိုင်ပြီး ထူးထူးခြားခြား ငြိမ့်ညောင်းသည့် ခရီးစဉ်အား ပေးစွမ်းနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အင်ဂျင်ရုန်းအား ကောင်းမွန်မှုကြောင့် လမ်းကြမ်းခရီးများသွားခြင်း၊ အခြားယာဉ်များအား ကျော်တက်ခြင်း စသည်တို့တွင် လွန်စွာမှ ညင်ညင်သာသာ ရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဆီစားနှုန်းမှာလည်း ခရီးသည် ၇ ဦးနှင့် ဝန်စည်စလွယ်အပြည့် တင်ထားသည့်တိုင် ဆီ ၁ လီတာလျှင် ၁၀ ကီလိုခန့် ရောက်ရှိ မောင်းနှင်နိုင်မည် ဖြစ်သည်။

မောင်းနှင်မှု

Kluger သည် အတန်အသင့် ကြီးမားပြီး အလယ်အလတ်တန်းစား SUV များထဲတွင် အကောင်းဆုံးဟုပင် ဆိုနိုင်လောက်သည်။ Kluger အား မောင်းနှင်ရသည်မှာ ငြိမ့်ညောင်းမှုရှိပြီး လုံခြုံစိတ်ချရသည်။ ခရီးရှည်၊ ခရီးကြမ်း မောင်းနှင်ရာတွင် အထူးအသုံးတည့်ပြီး လမ်းကြမ်းသည်မှာ မသိသာလှပဲ လူ ၇ ဦးနှင့် ဝန်စည်စလွယ် အများအပြား ဝင်ဆံသည့် SUV တစ်စီးပင်ဖြစ်သည်။

Kluger အား ထိန်းချုပ်မောင်းနှင်ရာမှာ လွယ်ကူပြီး အရွယ်နှင့်အမျှအောင် လမ်းကွေ့ လမ်းကောက်များတွင် ညင်သာစွာ ကွေ့ကောက်မောင်းနှင်နိုင်သည့် SUV တစ်စီးဖြစ်သည်။ SUV တို့၏ ထုံးစံအတိုင်း မြို့တွင်းလမ်းများနှင့် လမ်းဖြောင့်များတွင်မူ အင်ဂျင်ဆွဲအားမှာ ဆီဒင်ကားများလောက် မကောင်းဟု ယူဆဖွယ်ရာ ရှိသော်လည်း Kluger ကမူ ထိုကဲ့သို့ မဟုတ်ပဲ အထ အလွန်မြန်သည့် SUV တစ်စီးပင်ဖြစ်သည်။ ကားအတွင်းပိုင်းသည်လည်း လွန်စွာမှ အသံတိတ်ဆိတ် ငြိမ်သက်လှသည်။

နိဂုံး

Kluger သည် မိသားစုသုံး SUV တစ်စီးအဖြစ် လွန်စွာမှ သင့်တော်ပြီး ကြီးမားသည့် အတွင်းပိုင်း၊ အဆင့်မြင့် ပစ္စည်းများနှင့် features များ ပါဝင်သည်။ လူ ၇ ဦး ကောင်းစွာဝင်ဆံ့ပြီး တတိယတန်းခုံများအား ခေါက်ချိုးပြီး ပိုမိုများပြားသည့် ဝန်စည်စလွယ်များ ထည့်သွင်းနိုင်မည်ဖြစ်သည်။

သားရေ ထိုင်ခုံများမှာ ငြိမ့်ညောင်းမှုရှိပြီး တတိယတန်းခုံများမှာ ကလေးငယ်များအတွက် အထူးသင့်တော်သည်။ သို့သော်လည်း ခရီးရှည် သွားရာတွင်မူ ဒုတိယတန်းတွင် လူ ၂ ဦးသာ ထိုင်ရန် သင့်တော်သည်ကို တွေ့ရှိရမည်ဖြစ်သည်။

ကားအတွင်းပိုင်းတွင် ပလတ်စတစ်သား အများအပြား ပါဝင်သော်လည်း သစ်သား အနားကွပ်များ တပ်ဆင်ထားသဖြင့် သားရေးထိုင်ခုံများဖြင့် ပူးတွဲလိုက်ပါက အဆင့်မြင့် ဇိမ်ခံကား တစ်စီးအလား ထင်မှတ်မှားရနိုင်သည့် SUV တစ်စီးပင် ဖြစ်သည်

0 comments:

Post a Comment

 
Back to top!