Searching...
Monday, September 23, 2013

ဘောလုံးပွဲသွားကြည့်သည့်ယောက်ျားကို စိတ်ဆိုး၍ ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံး

ဘောလုံးပွဲကြည့်သည့်ကိစ္စဖြင့် လင်မယားချင်းစကားများကာ ယောက်ျားဖြစ်သူ ဘောလုံးပွဲသွားကြည့်စဉ် ဇနီးသည်က ဆွဲကြိုးချသေဆုံးသွားကြောင်း သတင်းရရှိသည်။
လှည်းကူးမြို့နယ်၊ စစ်ပင်ရွာ၊ လယ်တဲတစ်ခုတွင် စက်တင်ဘာ ၂၀ ရက်က ဘောလုံးပွဲကြည့်သည့်ကိစ္စဖြင့်  လယ်စာရင်းငှားလင်မယားနှစ်ဦး ရန်ဖြစ်စကားများပြီး ခင်ပွန်းဖြစ်သူက ဘောလုံးပွဲကြည့်ရန် ရွာထဲသို့ ထွက်သွားခဲ့သည်။ ထို့နောက် ဘောလုံးပွဲကြည့်အပြီး ည ၈ နာရီခွဲခန့်တွင် ခင်ပွန်းဖြစ်သူ ပြန်ရောက်သောအခါ နေအိမ်တဲအတွင်း ၉ ပေခန့်မြင့်သည့် ခေါင်မိုးဝါးတန်း၌ ၁၈ ပေခန့်ရှည်ပြီး လက်သန်းလုံးခန့်အရွယ် နွားချည်သည့် ပလတ်စတစ်ကြိုးကိုချည်လျက် ဇနီးဖြစ်သူ ဆွဲကြိုးချသေဆုံးသည်ကိုတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် မှုခင်းမှတ်တမ်း တွင်ဖော်ပြထားသည်။
အသက် (၂၁)နှစ်ရှိ ဇနီးသည်ရေးခဲ့သည့် “အစ်ကိုကြီး သက်ကိုမချစ်တော့ဘူး”ဟူသည့် စာရွက်ပိုင်းတစ်ခုကို အဆိုပါတဲအတွင်း တွေ့ရှိခဲ့ရကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။
ထို့ကြောင့် သေဆုံးသူကို လှည်းကူးဆေးရုံတွင် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ဒါးပိန်မြို့မရဲစခန်းက အမှုဖွင့်ကာ စခန်းမှူးရဲအုပ်မင်းဦးက စစ်ဆေးဆောင်ရွက်နေသည်။
စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲက ၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် သြစတြေးလျအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်ရှိနေပြီး ယင်းပွဲစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်

0 comments:

Post a Comment

 
Back to top!